![]() |
Add caption |
သြော် ၊ တပည့်အရင်းတွေမို့၊ က၀ိမတင်းနိုင်ဘူးကွယ့်၊ သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘူ့၊ သောကဘလောင်ဆူတော့၊ တောင်ဇမ္ဇူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ်မကွယ့် မနှေးသနော် တသောင်းဇမ္ဗူရမ်းနေကြ၊ ကျန်ရစ်တဲ့မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊ လူကြမ်းဓပြတွေ၊ ကြမ်းလာရမ်းလာတဲ့ အရေးတွင်းမှ၊ ဘေးအပေါင်းကြီးများစွာ ဝေဒါနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊ ရွှေမြန်မာဘုံမှာ အမင်းမင်းသမတတွေနဲ့၊ သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားအရင်းရှင်တရုပ်ကယ်က ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့်၊ ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင်ယမန် နန်းတော်ဦးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္တာတွေဆုံးပုံနဲ့၊ တထုံး နောက်တနဲမှာတော့၊ မင်းရဲ့ ရန္တမိတ် ခမျာမှာ ညီသနင်းပေပေါ့၊ ပြည်မင်းဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည်တခွင်မတော့၊ ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊ သမိန်ဗရမ်း ဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့၊ သြော် ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊ မရေမရာ သေရွာဆိုက်သလိုပေါ့၊ အခိုက်အခါ တူလို့မို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊ မြန်မာ ဇမ္ဗူ အညာမန်းတွင်ဖြင့်၊ ငါတလူ ငါသရမ်း ရော့မဟဲ့လို့၊ သာခန်း ပလ္လင်ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန်ထစဉ်က၊ ကြုံရသူမသာတော်နှင့်၊ ပမာသော်တူတယ်လို့ နှိုင်းမိတယ်၊ ရှိုင်းသတဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စစ်ကိုင်းတပဲ့ ဂိုဏ်းအဖွဲ့  တွေနဲ့၊ မှိုင်းရဲ့ စိတ်ထင် ။
မင်းစိတ်မင်းမာန် အကြံအဖန်ကင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကို တဲ့ မောင်းကာနှင်၊ ဒေါင်းမြန်မာတခွင်မှဖြင့် ယခင်သဘော၊ (အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သဘော ။
နန်းမြို့တည်ရန်၊ မှန်းလို့ရည်ရွယ်ကာသန်တဲ့၊ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ အထိုထိုလူခပဲကို မကြည်ညိုတဲ့၊ ၀သီအလိုတဖြေးဖြေးရူးမဟဲ့လို့၊ တနွေးနွေးမူးမူးပြီး၊ ခွေးဘီလူးလိုအကောင်မိုက်တွေက၊ သြော် အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ၊ ယာယီယာတြာအချိန်နဲ့၊ ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊ ဖြေမကြည် နေရီတော့လွမ်းစေဖို့၊ မြန်မာပြည်အပေါ်ကို ဓမ္မစည်ရွမ်းချိန်မို့၊ အစွမ်းကုန် သည်တခါဖြင့်၊ ပြည်ရွာညီညာဖို့ အလုပ်ပေပေါ့ ၊ သုဿန်တံခွန်းစောင်းရရှာတဲ့၊ ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်၊ အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမိအဓိဋ္ဌာန်တမျိုးရယ်နှင့်၊ ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊ မြန်မာမာတော့ ပုစရာဘို့၊ တဗျူဟာအောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက၊ ဖောင်နန်းကူးတို့နှင့် အကြောဒဂုန်တည်းဟူသော ရေစုံမျောလေရဲ့၊ သြော် တောင်နန်းမြောက်နန်း၊ အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးသပ်သီကုံးသော လေးချိုးကြီး...........။
No comments:
Post a Comment